Beta
The Role of HR in Merger and Acquisition

The Role of HR in Merger and Acquisition

တလောက HR Auditing သင်တုန်းက HR Due Diligence အကြောင်း အနည်းငယ် မိတ်ဆက် ပြောပြတော့ ကျောင်းသူ တစ်ယောက်က မေးတယ်။ သူတို့ရုံးကို HR DD လာဖူးတယ် တဲ့။ အဲသလို လာတဲ့ အခါ သူတောင်းတာတွေ အကုန်ထုတ်ပြရမှာလား၊ ပြသင့်လား လို့ ကိုယ့်ကို မေးပါတယ်။ အချို့ဟာတွေ အကုန်ပြဖို့ လိုမလို စိတ်ထဲက မသေချာလို့ လို့ပြောပါတယ်။ ကိုယ်က ကိုယ်ကို မေးရမှာ မဟုတ်ကြောင်း နဲ့ အလုပ်ရှင် ကို မေးမြန်းပြီး သူ့သဘော အတိုင်း ပူးပေါင်းဆောင်ရွက်ပေးသင့်ကြောင်း ပြောဖြစ်ပါတယ်။ နောက် ဘာဆက်ဖြစ်လဲ မေးတော့ ဘာမှ ဆက်မဖြစ်တော့ဘူး၊ အဲသည် တစ်ခါပဲ လာဖူးတယ် လို့ သိရပါတယ်။

နောက် တခါ တလောက MSHRM အသင်းမှာ HR Due Diligence အကြောင်း မျှဝေတဲ့အခါမှာလည်း တစ်ယောက်က မေးပါတယ်။ HR Due Diligence လာလိမ့်မယ် ဆိုပြီး သူ့သူဌေးက ပြောဖူးပါတယ်တဲ့။ အဲသလိုပဲ ဟိုမေး၊ ဒီမေး၊ ဟိုဟာ ပြခိုင်း၊ ဒီဟာတွေ တောင်းကြည့်ပါပဲ တဲ့။ အခုမှ အဲဒါ ဘာလဲ ဆိုတာကို သိပါတယ်တဲ့။ အဲသည်မှာလည်း နောက်ဘာဆက်ဖြစ်လဲ ဆို ေတာ့ ဘာမှ ဆက်မဖြစ်ပါဘူး လို့ သိရပါတယ်။

သဘောက အကြောင်းတစ်ခုခုကြောင့် အဲသည် Deal တွေ မအောင်မြင်ဘူး ဆိုတဲ့ သဘော လို့ မှတ်ယူရတာပါပဲ။

တကယ်တော့ မြန်မာလုပ်ငန်းရှင်တွေရော၊ HR တွေရော ဒီ HR Due Diligence အကြောင်းကို သိထားသင့်ကြပါပြီ။ ဘာ့ကြောင့်လုပ်တာလဲ။ ဘာရည်ရွယ်ချက်လဲ။ ဘာတွေ ကြိုတင် ပြင်ဆင်ထားသင့်သလဲ ဆိုတာ။ ဘာတွေ စစ်တာလဲ။ ဘာလို့ စစ်တာလဲ ဆိုတာတွေ ကို သိထားရင် ကိုယ်က တကယ့်ကို ဒီ Deal ကို ဖြစ်စေချင်နေရင် (Invester ရချင်နေရင်) သေသေချာချာ ကြိုတင် ပြင်ဆင်ထားရမယ့် အပိုင်းတွေ အများကြီး ရှိလို့ပါ။

ဒီအကြောင်းကို မပြောခင်
ဒီဘက်ခေတ်မှာ နည်းနည်းခေတ်စားလာတဲ့ M & A လို့ အသိများကြတဲ့ Merger & Acquisition အကြောင်းကို အနည်းငယ် သိဖို့လိုပါတယ်။

Merger ဆိုတာဘာလဲ?
—————————

Merger ဆိုတာကတော့ လုပ်ငန်းနှစ်ခု ပေါင်းစည်းလိုက်ခြင်းဖြစ်ပြီး နောက်ထပ် လုပ်ငန်းတစ်ခု အဖြစ်ပူးပေါင်း တည်ထောင်လိုက်တာကို ခေါ်တာ ဖြစ်ပါတယ်။

Acquisition ဆိုတာဘာလဲ?
———————————
Acquisition ဆိုတာကတော့ လုပ်ငန်းတစ်ခုက နောက်လုပ်ငန်းတစ်ခုကို ဝယ်ယူပိုင်ဆိုင်လိုက်ခြင်းကို ခေါ်ပါတယ်။

လုပ်ငန်း () ခုပေါင်းစည်းခြင်းဖြစ်စေ (Merger) ရယူလိုက်ခြင်းဖြစ်စေ (Acquisition) ဆောင်ရွက်တဲ့အခါ လုပ်ဆောင်ရတဲ့ အဆင့်လေးတွေရှိပါတယ်။

ပထမအဆင့်ကတော့ ပေါင်းမည့်၊ သို့မဟုတ် ဝယ်ယူမည့် လုပ်ငန်း အနေနဲ့
တနည်းအားဖြင့် Invest လုပ်မယ့် လုပ်ငန်း အနေနဲ့ မိမိ ပေါင်းရန် သို့မဟုတ် ရယူရန် စိတ်ဝင်စားသော လုပ်ငန်း (Target) ရှာဖွေဖြင်းဖြစ်ပါတယ်။
ဝယ်ယူမည့် လုပ်ငန်း (Target) ကို သတ်မှတ်ပြီးပြီဆိုရင်တော့
အဲသည် လုပ်ငန်းကို ဝယ်ယူရန် အပြီးသပ်ဆုံးဖြတ်ချက် မပြုမီ လိုအပ်တဲ့ စစ်ဆေးခြင်းနှင့် တန်ဖိုးသင့်ခြင်း အဆင့်ရှိပါတယ်။ လုပ်ငန်း၏ စစ်မှန်ခြင်း၊ စနစ်တကျ စိမံခန့်ခွဲမှု ပြုထားခြင်း၊ ဥပဒေများအား လိုက်နာဆောင်ရွက်ထားခြင်း အစရှိသဖြင့်ပါ။ ဝယ်ယူပြီးနောက်ပိုင်း Risk တွေကိုလည်း ကြိုတင်ခန့်မှန်းနိုင်အောင်ရယ်၊ အဲသည် Risk များရဲ့ ငွေကြေးတန်ဖိုး စတာတွေကို လည်း တွက်ချက်ဆန်းစစ်ရပါတယ်။

အကြမ်းအားဖြင့်ကတော့ အဲသလို စစ်ဆေးခြင်း၊ တန်ဖိုးသင့် ခြင်း ဆွေးနွေးငြိ နှိုင်းခြင်း ပြီးရင်တော့ သဘောတူကြတယ် ဆိုရင် ပေါင်းခြင်း သို့မဟုတ် ရယူခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်ပါတယ်။
အဲသည်နောက်မှာတော့ ဝယ်ပြီးနောက်ပိုင်း Post Merger Integration အဆင့်ရှိပါတယ်။

အဲသလို အထက်က ပြောခဲ့တဲ့ ပဏာမသဘောတူညီချက် အပြီးမှာ အတည်ပြုပေါင်းခြင်းသို့မဟုတ် ရယူခြင်းမဆောင်ရွက်ခင်
ဆောင်ရွက်တဲ့ Target ကုမ္ပဏီအား စစ်ဆေးခြင်း အဆင့်ကို Due Diligence လို့ခေါ်ပြီး
Due Diligence ခေါင်းစဉ်အောက်မှာ အောက်ပါတို့ရှိတတ်ပါတယ်။
- Financial Due Diligence
- Tax Due Diligence
- Legal Due Diligence
- HR Due Diligence

Financial Due Diligence ဆိုတာကတော့ စာရင်းနှင့် ဘဏ္ဍာရေးပိုင်းနှင့် ပတ်သက်လို့ စနစ်တကျ ဆောင်ရွက်ထားမှုရှိမရှိ (စာရင်းပိုင်းဆိုင်ရာ စံချိန်စံညွှန်း အပြင် ဥပဒေပြဌာန်းချက်များနှင့် ပါ ညီမညီ) စတာတွေနဲ့
ပတ်သက်လို့ စိစစ်စစ်ဆေးရခြင်းဖြစ်ပြီး စာရင်းနဲ့ ဘဏ္ဍာရေး ကျွမ်းကျင်သူများ က ဆောင်ရွက်ပါတယ်။

Tax Due Diligence ဆိုတာကတော့ ပေး ဆောင်ရန်ရှိတဲ့ အခွန်အခတွေကို စနစ်တကျ ပေးဆောင်ထားခြင်းရှိမရှိ ဥပဒေသတ်မှတ်ချက်အတိုင်း တွက်ချက် ပေးဆောင်ထားခြင်းရှိမရှိ စိစစ်စစ်ဆေးရခြင်း ဖြစ်ပြီး
အခွန်ဆိုင်ရာ ကျွမ်းကျင်သူများက ဆောင်ရွက်ရပါတယ်။

Legal Due Diligence ဆိုတာကတော့ လုပ်ငန်းအနေနဲ့ လိုက်နာရမည့် ဥပဒေများအား လိုက်နာဆောင်ရွက်ထားမှုရှိမရှိ စိစစ်စစ်ဆေးရခြင်းဖြစ်ပြီး
ဥပဒေဆိုင်ရာ ကျွမ်းကျင်သူများက ဆောင်ရွက်ရပါတယ်။

HR Due Diligence ဆိုတာကတော့ လုပ်ငန်းရဲ့ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ စီမံဆောင်ရွက်ထားမှုများအား စနစ်တကျ ဆောင်ရွက်ထားမှုရှိမရှိ (HR စံနှုန်းများအရ အပြင် ဥပဒေ သတ်မှတ်ချက်များနှင့်ပါ ညီညွတ်မှုရှိမရှိ ) စိစစ် စစ်ဆေးရခြင်း ဖြစ်ပြီး HR ကျွမ်းကျင်သူများက ဆောင်ရွက်ရပါတယ်။

စာရှည်မှာစိုးလို့ ဒီနားမှာ ရပ်ပြီး-
နောက် တစ်ပိုင်းမှာတော့ ဒီ M & A မှာ HR များရဲ့ အခန်းကဏ္ဍကို သိရှိနိုင်ဖို့ HR Due Diligence ပိုင်းက ဆောင်ရွက်ရမယ့် အချက်တွေကို ဆက်လက် ဖော်ပြပေးသွားပါမယ်။

မော်မော်ထွန်း
#HRDueDiligence 

See less