Beta
အလုပ်မဝင်ခင် ဆေးစစ်ခြင်းအကြောင်း(Pre-Employment Medical Check Up)

အလုပ်မဝင်ခင် ဆေးစစ်ခြင်းအကြောင်း(Pre-Employment Medical Check Up)

(HR များအတွက်)

Medical Check-Up ဆိုတာ Selection Process ထဲက တစ်ခုပါ။

HR တော်တော်များများလည်း သိကြပါတယ်။ ခက်တာက ဘာတွေစစ်မှာလဲမေးရင် ယောင်းဝါးဝါးဖြစ်ကုန်ကြတာပဲ။


သူများတွေတော့ ဟိုဟာ-ဒီဟာတွေ စစ်တယ်။ ဟိုဟာလည်းထည့်စစ်သင့်တယ်။ ဒီဟာလည်း စစ်လိုက်ရင်ကောင်းမယ်။


ဈေးတွက်လိုက်တော့များသွား။ ဒါနဲ့ပဲ ဟိုဟာလျှော့၊ ဒီဟာလျှော့။ ဒါလောက်ပဲ စစ်ကြတာပေါ့ဖြစ်ရော။


အဲသလိုမျိုး ဖြစ်တဲ့အခါ What ဆိုတဲ့ ဘာလုပ်ရမယ် ဆိုတာရယ် Howဆိုတဲ့ ဘယ်လိုလုပ်ရမယ် ဆိုတာရယ်ကို သိသည့်တိုင် Why ဆိုတဲ့ ဘာ့ကြောင့်လုပ်ရလဲ ဆိုတာလေး သိဖို့လိုပါတယ်။


ဘာ့ကြောင့်ဆေးစစ်ချင်တယ် ဆိုတဲ့ အကြောင်းအရင်း နဲ့ လုပ်ကြရမှာပါ။


ဘာ့ကြောင့်ဆေးစစ်သလဲ?


အကြမ်းအားဖြင့် အောက်က () ချက်ဖြစ်ပါတယ်။

၁။ လုပ်ငန်းခွင်မှာထမ်းဆောင်ရမယ့် တာဝန်အတွက် လုံလောက်တဲ့ကျန်းမာကြံ့ခိုင်မှုရှိမရှိ သိဖို့

၂။ လုပ်ငန်းခွင်တွင်းကူးစက်နိုင်သော ရောဂါကင်းရှင်းတဲ့လုပ်ငန်းခွင်တည်ဆောက်ဖို့

၃။ Medical Insurance Program တစ်ခုခု အတွက် လိုအပ်ချက်အရစစ်ဖို့


အခုနောက်ပိုင်းခေတ်မှာတော့ လိုအပ်ချက်အရ နောက်တစ်မျိုးတိုးလာပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူ ဟုတ်မဟုတ် စစ်ခြင်း။


ဆိုတော့ ဘာတွေစစ်မှာလဲ* ဆိုတာကို ဆုံးဖြတ်ရွေးချယ်ဖို့အတွက်

အထက်က အချက်တွေထဲက ဘာ့ကြောင့်စစ်မှာလဲ* ကို လုပ်ငန်းရှင်များနဲ့ HR များ အရင်ဆွေးနွေးဆုံးဖြတ်ကြပါ။ မူ တစ်ခု ထွက်ထားဖို့လိုပါတယ်။ ဟိုဟာစစ်လိုက်။ ဒီဟာစစ်လိုက် နဲ့ ရည်ရွယ်ချက် မပြတ်သားရင် လုပ်ပုံကိုင်ပုံတွေ လွဲပြီး နောက်ဆက်တွဲ ရှုပ်လာနိုင်တာတွေ ရှိပါတယ်။


၁။ သူ့ကို ပေးအပ်မယ့် တာဝန်အတွက် လုံလောက်တဲ့ကျန်းမာကြံ့ခိုင်မှုရှိမရှိသိချင်လို့ ဝန်ထမ်းအဖြစ် မရွေးချယ်ခင် စစ်ချင်တာ ဆုံရင်တော့ ပုံမှန် လုပ်ငန်းခွင်တွေအတွက် Physical Medical Exam လောက်ဆိုရင် ရပါပြီ။ မူးယစ်ဆေးသုံးစွဲသူဟုတ်မဟုတ် ထည့်စစ်ချင်ရင်စစ်ပေါ့။ ပေးမယ့်တာဝန်က သာမန်လုပ်ငန်းခွင်မဟုတ်တဲ့ လုပ်ငန်းခွင်အနေအထားမျိုးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဘာတွေထပ်စစ်ရမယ် ဆိုတာ ဆရာဝန် အကြံပေးတဲ့အတိုင်း ထည့်စစ်ရပါလိမ့်မယ်။


၂။ ကျန်းမာကြံ့ခိုင်ကြပြီး လုပ်ငန်းခွင်တွင်းကူးစက်နိုင်သောရောဂါကင်းရှင်းဖို့ ဆိုရင်ကတော့ Physical Medical Exam အပြင် "လုပ်ငန်းခွင်တွင်းကူးစက်နိုင်သောရောဂါ" ဆိုတာတွေကို ထည့်စစ်ရပါမယ်။ (သံရုံးတွေက ဒီခေါင်းစဉ်အောက်က စစ်လေ့ရှိတယ်) သာမန်လုပ်ငန်းခွင်တွေမှာတော့ လုပ်ငန်းခွင်အတွင်း ကူးစက်တတ်တဲ့ရောဂါ က TB လို့ခေါ်တဲ့ အဆုတ်ရောဂါပါ။ ပထမဆင့် Chest X-Ray စစ်ပြီး လိုအပ်ရင် သလိပ်ထပ်စစ်တာမျိုးရှိသလို၊ Rapid Test လည်းရှိပါတယ်။ အရေပြားပေါ်ဆေးတစ်စက်ထိုးသွင်းပြီး Reaction စောင့်ကြည့်တာမျိုးပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့ နည်းနဲ့ စစ်လို့ရတယ်။

သာမန်လုပ်ငန်းခွင်မှာ A,B,C လို့ခေါ်တဲ့ သွေးကတဆင့် ဖြစ်စေ၊ Sexual Intercourse မှဖြစ်စေ ကူးတတ်တဲ့ရောဂါတွေက စစ်ဖို့ မလိုပါဘူး။ ဒါလည်း စစ်တတ်ကြတယ်။

အစားအစာ ချက်ပြုတ်ကိုင်တွယ်သူလို ဝန်ထမ်းမျိုးတွေအတွက် Hepatitis ထည့်စစ်သင့်ပေမယ့် HIV စစ်ဖို့ဆိုတာ သိပ်မလိုလှပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အလွန့်အလွန်ကို ထည့်စစ်ကြတာပဲ။


ပြသနာက စစ်ပြီး ဘာလုပ်မှာလဲ ဆိုတာပါ။ လုပ်ငန်းခွင်တွင်းကူးစက်နိုင်သော ရောဂါ ကင်းရှင်းစေချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ကြမယ် ဆိုရင် အသစ်ဝင်မယ့်သူကို မဝင်ခင် စစ်လိုက်ရင် ကိစ္စပြီးပြီလား တွေးဖို့ လိုပါတယ်။

ဥပမာ TB လိုရောဂါမျိုးက ကူးချင်တဲ့အချိန် ကူးလာနိုင်ပါတယ်။ လုပ်ငန်းခွင်တင်မကဘူး သူ့ဟာသူ အခြားနေရာတွေက ကူးလာတဲ့ ဝန်ထမ်းဟောင်းတစ်ယောက်ကလည်း ရောဂါသယ်ဆောင်သူအဖြစ် လုပ်ငန်းခွင်ထဲရောထွေးရောက်ရှိနေနိုင်တယ်။ အလုပ်ဝင်စဉ်က မရှိခဲ့တဲ့ ကူးစက် ရောဂါတွေ အလုပ်ဝင်ပြီးမှ ဝင်နေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီခေါင်းစဉ်အောက်ကနေ ဆေးစစ်တယ် ဆိုရင်ကတော့ Periodic စစ်ဖို့ လိုပါတယ်။ Periodic မစစ်နိုင်ရင် ဘာလို့ ဝင်ဝင်ချင်း စစ်ပြီး ရောဂါရှိတဲ့သူ မခန့်ဘူး ရယ်လို့ ခွဲခြားဆက်ဆံနေမလဲ?


နောက်ပြီး အထူးသဖြင့် HIV ရှိနေလို့ အလုပ်မခန့်ဘူးလို့ ငြင်းတာသည်လည်း ပြသနာရှိတယ် ဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ လုပ်ငန်းခွင်တွင်း ကူးစက်နိုင်ခြေမရှိဘူးဆိုရင် သူ့ရဲ့ပကတိကျန်းမာတဲ့ ခန္ဒာကိုယ်ရှိနေတယ် ဆိုရင် ခန့်ရမှာပါ။ ဆေးနဲ့ Control ရနေတဲ့ PLHIV တွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ ကျွန်မတို့ထက်တောင် ကျန်းမာ နေပါသေးတယ်။


အချို့က HIV စစ်တာတော့ စစ်ခိုင်းတာပဲ။ Positive တွေ့ရင် ဘာလုပ်မလဲ ဆိုတဲ့ အဖြေမရှိဘူး။ HIV Positive ဆိုရင် ကာယကံရှင်ကို အသိပေးပြောပြဖို့ ဆိုတာ အလွန်အင်မတန် သတိထားရတဲ့ ကိစ္စပါ။ စစ်ခိုင်းတဲ့သူကို Positive တွေ့ရင် ဘယ်လိုလုပ်မှာလဲဆိုတော့ လွယ်လွယ်ပဲ ပြောပါတယ်။ ဆေးမအောင်လို့ မခန့်ဘူး လို့ပဲ ပြောပေါ့တဲ့။ ဒါကလည်း အလွန် အန္တရာယ်များပါတယ်။ ကိုယ့်လုပ်ငန်းအတွက်တော့ ပြီးသွားတာပါပဲ။ ဒါပေမယ့် ကျွန်မတို့ လူမှုရေးအရ၊ သူနု့ဲသူ့အသိုင်းအဝိုင်း၊ သူ့မိသားစုအတွက်တော တာဝန်မဲ့သွားပါပြီ။

HIV Positive ဖြစ်နေသူ တစ်ယောက်ဟာ သူ့မှာ ဒီရောဂါ ရှိနေတယ် ဆိုတာကို သိဖို့လိုပါတယ်။ သိမှသာ သူနဲ့အနီးကပ် ဆက်ဆံပတ်သက်နေတဲ့ အိမ်ထောင်ဖက်တို့ ချစ်သူတို့ကို မကူးစက်အောင် ဆင်ခြင်နိုင်မှာပါ။ HIV Positive ဖြစ်နေကြောင်း လူတစ်ယောက်ကို အသိမပေးခြင်းဟာ လူသားမျိုးနွယ် တစ်ခုလုံးအပေါ် တာဝန်မဲ့ရာရောက်ပါတယ်။


၃။ ကျန်းမာရေးနဲ့ အသက်အာမခံ ထား ပေးတာကြောင့် စစ်ရမယ့် ကိစ္စကတော့ ရှင်းပါတယ်။ များသောအားဖြင့် ရည်ရွယ်ချက်က (+) ရည်ရွယ်ချက်နဲ့ စစ်ကြတာပါ။ ထားမယ့်အာမခံ နဲ့ လိုအပ်တဲ့ အချက်တွေအတိုင်း စစ်ရမှာမျိုး ဖြစ်ပါတယ်။ တစ်ကြိမ်စစ်ပြီး နောက်ပိုင်း ကိုယ်ထားတဲ့ Insurance Package အတိုင်း လိုအပ်ရင် လိုအပ်သလို စစ်ဆေးနိုင်ပြီး စစ်ဆေးတာ၊ကုသတာတွေကို အာမခံကနေ ပြန်လည်တောာင်းခံနိုင်ပါတယ်။


အရေးအကြီးဆုံးအချက်က လုပ်ငန်းခွင်မဝင်မီ ကုမ္ပဏီ အစီအစဉ်နဲ့ ဆေးစစ်ခိုင်းတဲ့အခါ

Consent ယူဖို့ အရေးကြီးပါတယ်။ ကာယကံရှင်ရဲ့ တရားဝင် သဘောတူညီကြောင်း ဆိုတာ ရှိရပါမယ်။ တောေ်တော်များများ မရှိပါဘူး။ ဆေးစစ်ရမယ်။ ဒါတွေ၊ ဒါတွေ ဒီတွေမှာ စစ် ဆိုတာမျိုးပေါ့။ မသိနားမလည်သူက အများသားနိုင်ငံဆိုတော့ စစ်ခိုင်းရင်သွားစစ်လိုက်တာပဲ။

ကိုယ့်သဘောထား လိုမလို ဆိုတာ လည်း သိပ်မစဉ်းစားကြတော့ ပြသနာမရှိသလို ဖြစ်နေကြတာ။ တကယ်က လိုအပ်ပါတယ်။ အဲသည်တော့ ဆေးစစ်ခိုင်းမယ့် အခါ Form ပုံစံ တစ်မျိုး ဖြည့်သွင်းခိုင်းရမှာပါ။ Selection Process ရဲ့ တစ်ခု ဖြစ်တဲ့ Pre-Employment Medical Check Up ဆောင်ရွက်ရမှာဖြစ်တယ်။ အောက်ပါတို့ကို စစ်ဆေးရမယ်။ အဲသလို စစ်ဆေးခြင်းကို သဘောတူလက်ခံပါတယ် ဆိုတာကို ဖြည့်ခိုင်းရပါမယ်။ ငြင်းပယ်တဲ့သူတွေရှိနိုင်ပါတယ်။ အဲသည်အခါ အတင်းဖိအားပေး စစ်ဆေးစေခြင်း မပြုရပဘူး။

ဆေးစစ်ခြင်း အဆင့်ကို သဘောမတူ လက်မခံဘူးဆိုရင် Selection Process ရဲ့ Next Step တွေမှာ သူဆက်ပါ ဖို့ မလိုတော့ပါဘူး။ အဲသည် နားမှာပဲ ရပ်လိုက်လို့ရပါတယ်။ သဘောထားမှတ်ချက် မပါဘဲ ဇွတ်အတင်း ဆေးစစ်ခိုင်းခြင်းဟာ တစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာ အခွင့်အရေးကို ချိုးဖောက်ရာ ကျတတ်ပါတယ်။

နောက်တစ်ခုက ဆေးစစ်ချက်မှတ်တမ်းများ ထိန်းသိမ်းခြင်းပါ။ Confidential အဆင့်လုံခြုံစွာထိမ်းသိမ်းပေးထားရမှာ ဖြစ်ပါတယ်။ ယင်းမှတ်တမ်းဖိုင်များကို သိခွင့်ရှိနေတဲ့ HR များအနေနဲ့ ဘယ်သူက ဘာရောဂါ ဆိုတာ ထုတ်ဖော်ပြောကြား သတင်းဖြန့်ဝေခြင်း လုံးဝ မလုပ်ရပါဘူး။ ကျွန်မလုပ်ခဲ့ဖူးတဲ့ International Organisation မှာဆိုရင် Occupational Health Unit (OHU) သီးသန့်ရှိပြီး Results တွေကို HR မှလုံးဝဖွင့်ဖောက်ကြည့်ခြင်း မပြုဘဲ သူတို့ဆီကိုသာ ပို့ရပါတယ်။ ကျန်တဲ့ Process ကိုသူတို့ဘက်က Fit to work လား Temporarily Unfit လား Unfit လား အစရှိသဖြင့် သာ ပြန်ပို့ပေးပါတယ်။ HIV လုံးဝမစစ်ပါဘူး။


နိုင်ငံတကာ ကုမ္ပဏီများမှာတော့ ဒါနဲ့ ပတ်သက်လို့ Policy (မူဝါဒ) နဲ့ Procedure (လုပ်ထုံးလုပ်နည်းတွေ) စနစ်တကျ ရှိထားပြီး ဖြစ်တတ်ပေမယ့် အဲသလို စနစ်တကျ သတ်မှတ်ထားခြင်း မရှိသေးတဲ့ မြန်မာလုပ်ငန်းများနဲ့ သတ်မှတ်ထားသော်လည်း စံမညီတဲ့ မူဝါဒများကို ပြန်သုံးသပ်နိုင်ဖို့နဲ့သင့်တော်သလို လေ့လာမှတ်သား အသုံးပြုနိုင်အောင် HR များအတွက် ကျွန်မသိထားသမျှ မျှဝေပေးလိုက်ရပါတယ်..


Credit: Daw Maw Maw Tun