Beta
မိမိလုပ်ငန်းရဲ့ ဝန်ထမ်းရေးရာ ကိစ္စရပ်များကို စီမံခန့်ခွဲရာမှာ 
တည်ဆဲ အလုပ်သမားဥပဒေတွေကို ဘာ့ကြောင့် သိထားသင့်တာလဲ???

မိမိလုပ်ငန်းရဲ့ ဝန်ထမ်းရေးရာ ကိစ္စရပ်များကို စီမံခန့်ခွဲရာမှာ တည်ဆဲ အလုပ်သမားဥပဒေတွေကို ဘာ့ကြောင့် သိထားသင့်တာလဲ???


အမည်လွှဲထားတဲ့ တကယ့်အဖြစ်အပျက်လေး တစ်ခု လေ့လာကြည့်ရအောင်ပါ။ 

ဒေါ်စုစုဝေဟာ စီးပွားရေးလုပ်ငန်းကြီး တစ်ခုမှာ ၁၅ နှစ်ကျော်ကျော် အရောင်းမန်နေဂျာအဖြစ် ထာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မှာ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို စတင်ပါတော့တယ်...

သူမရဲ့ လုပ်ငန်းဟာ လုပ်ငန်း ငယ်ဖြစ်တဲ့အတွက် သီးခြား HR Manager မခန့်ထားနိုင်ပါဘူး။ ဒါ့ကြောင့်သူမကိုယ်တိုင်ပဲ စီမံခန့်ခွဲ အုပ်ချုပ်ပါတယ်။ 

အစပိုင်း နှစ်တွေမှာတော့ အဆင်ချောချော ရှိခဲ့ပေမယ့် ပြသနာ တစ်ခုဟာ

သူ့ရဲ့ ဝန်ထမ်း တစ်ဦး အူအတက်ပေါက်လို့ ဆေးရုံတက်ရတဲ့ အချိန်မှာ စတင်ခဲ့ပါတယ်။

ဒေါ်စုစုဝေဟာ သူမ ကိုယ်တိုင် ဝန်ထမ်းဘဝက လာခဲ့တာမို့ ဝန်ထမ်းတွေကို ကောင်းမွန်စွာ ဆက်ဆံတတ်သူ တစ်ဦး ဖြစ်ပါတယ်။ 

ဆေးရုံတက်ရတဲ့ ဝန်ထမ်းဟာ နယ်မှ လာရပြီး အဆောင်မှာနေပြီး အလုပ်လုပ်ရသူ ဖြစ်တဲ့အတွက် သူမဟာ ဆေးရုံတင် ဆေးကုသမှုတွေကို တာဝန်ယူ ပေးသလို ဆေးရုံတက်စဉ် အစားအသောက် ကိစ္စအဝဝ အထိ တာဝန်ယူပေးခဲ့ပါတယ်။ ဆေးရုံစရိတ်တွေအားလုံးကိုလည်း အလုပ်ရှင်အနေနဲ့ပဲ ကျခံကုသပေးလိုက်ပါတယ်။

အဲသည်နောက် ဝန်ထမ်းရဲ့ လစာတွက်ချက်တဲ့အခါမှာတော့ ဆေးရုံတက်နေစဉ် ရက်များအား လစာမဲ့ခွင့်များအဖြစ် ဖြတ်တောက်လိုက်ပါတယ်။

ဝန်ထမ်းက မကျေနပ်မှု ဖြစ်ပါတယ်။ 

ဒါဟာ ဘာ့ကြောင့် ဖြစ်ရသလဲ ဆိုရင်...

တည်ဆဲ အလုပ်သမား ဥပဒေ ပြဌာန်းချက်တွေအရ

- ဆေးကုသမှုခံယူနေရတဲ့ ဝန်ထမ်းအား လုပ်ခလစာမှ ဖြတ်တောက်ခြင်းမရှိဘဲ ဆေးလက်မှတ်ခွင့်ကို အများဆုံး ရက် (၃၀) အထိ အလုပ်ရှင်က ပေးရမယ် ဆိုတဲ့ အချက် ကို မသိတာကြောင့် အလုပ်မလာတဲ့ရက် လစာမရ ဆိုတဲ့ ယူဆချက်နဲ့ မှားယွင်းဖြတ်တောက်မိပါတယ်။

တခါ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု မဟုတ်တဲ့အတွက် အလုပ်ရှင်မှ ဆေးကုသစရိတ် စိုက်ထုတ်ကျခံပေးရန် ဥပဒေအရ အလုပ်ရှင်မှာ တာဝန်ရှိမနေပါ။ သို့သော် သူမမှ ကျခံပေးခဲ့ပါတယ်။ 

အငြင်းပွားမှုဖြစ်တဲ့အခါမှာတော့ 

ဥပဒေပြဌာန်းချက်အရ အခြေခံအားဖြင့် ပေးကို ပေးရမည့် လစာပြည့်ဆေးလက်မှတ်ခွင့် မပေးဘဲ

ဥပဒေအရ ပေးရန် တာဝန်မရှိထားတဲ့ ဆေးကုသစရိတ်များအား အပြည့်အဝ ကျခံထားခြင်း ဖြစ်နေသော်လည်း 

ပေးရမှာ မပေးထားခြင်းဟာ 

မပေးရမှာကို ပေးထားခြင်းဖြင့် ချေပလို့ မရတဲ့ အဖြစ်မျိုး ကြုံတွေ့ရပါတယ်။ 

ဒါ့ကြောင့် ဥပဒေပါ ပြဌာန်းချက်တွေထဲက အလုပ်ရှင်တို့၏ တာဝန်နှင့် အလုပ်သမားများ၏ ရပိုင်ခွင့် သတ်မှတ်ပြဌာန်းချက်များကို သေချာစွာ နားလည် ရန် လိုအပ်ပါတယ်။