Beta
မြန်မာအလုပ်သမားဥပဒေ ပြဌာန်းချက်ပါ ခွင့်ရက်များအကြောင်းသိကောင်းစရာ

မြန်မာအလုပ်သမားဥပဒေ ပြဌာန်းချက်ပါ ခွင့်ရက်များအကြောင်းသိကောင်းစရာ

တည်ဆဲမြန်မာအလုပ်သမားဥပဒေများတွင် အလုပ်ရှင်များ၏ တာဝန်များ နှင့် အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်များကို ဥပဒေများ ထုတ်ပြန်၍ သတ်မှတ်ပြဌာန်းထားပါသည်။

ခွင့်ရက်၊ အလုပ်ပိတ်ရက် နှင့် ပတ်သက်၍ ပထမဆုံး အက်ဥပဒေကို ၁၉၅၁ ခုနှစ် တွင် ပြဌာန်းခဲ့ပြီး

၁၉၅၈ ခုနှစ် တွင် တစ်ကြိမ်

၁၉၆၃ ခုနှစ်တွင် တစ်ကြိမ်

၂၀၀၆ ခုနှစ်တွင် တစ်ကြိမ်

၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် ခေတ်၊ စနစ်၏ လိုအပ်ချက်များအရ ပြန်လည် ပြင်ဆင်သည့် ဥပဒေများပြဌာန်းခဲ့ပါသည်။ အလုပ် ၂၀၁၄ ခု ပြန်လည် ပြင်ဆင်ချက်ဥပဒေ နှင့် အချို့ကို ပြန်လည်ပြင်ဆင်ပြီး ကျန် ဥပဒေများ တည်ဆဲ ဖြစ်သော ၁၉ ၅၁ ခုနှစ် ခွင့်ရက် နှင့် အလုပ်ပိတ်ရက် ဥပဒေအရ အလုပ်ရှင်မှ လုပ်ခ နှုတ်ဖြတ်ခွင့်မရှိဘဲ ပေးရမည့် ခွင့်ရက်များအကြောင်းကို Top HR ရဲ့ မိတ်ဆွေများအတွက် မျှဝေပေးလိုက်ပါတယ်

အထက်ဖော်ပြပါ မူလဥပဒေဖြစ်သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ နှင့် ပြန်လည် ပြင်ဆင်ချက် ဥပဒေများအရ အလုပ်ရှင်မှ မိမိဝန်ထမ်းများအား အခကြေးငွေမှ နှုတ်ဖြတ်ခြင်း မပြုဘဲ ခွင့်ပြုပေးရမည့် ခွင့်ရက် အမျိုးအစားများမှာ-

၁။ ရှောင်တခင်ခွင့်ရက်

၂။ လုပ်သက်ခွင့်ရက်

၃။ ဆေးလက်မှတ်ခွင့်

၄။ မီးဖွားခွင့် တို့ဖြစ်ပါတယ်။

ဒီခွင့်ရက် အမျိုးအစား (၄) မျိုးအကြောင်းကို အသေးစိပ် ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။

၁။ ရှောင်တခင်ခွင့်

- မမျှော်လင့်ပဲ ရုတ်တရက်အရေးပေါ်ကိစ္စပေါ်ပေါက်မှုအတွက် ခွင့်ရက်ဖြစ်ပါတယ်။

- ကြိုတင် ခွင့်တိုင်ကြားနိုင်ခြင်း မရှိသည့်အခြေအနေမျိုးအတွက် ခွင့်ပြုရသည့် ခွင့်မျိုး ဖြစ်ပြီး တစ်ကြိမ်လျှင် တစ်ဆက် တည်း (၃) ရက်ထက် ပိုယူခွင့်မရှိပါဘူး။

- ခွင့်ရက်ခံစားပြီး အလုပ်ပြန်တက်တဲ့နေ့ရက်မှ(၃) ရက်အတွင်း ခွင့်စာပြန်တင်ရပါမယ်။

- တစ်နှစ်လျှင် ရှောင်တခင်ခွင့်ရက် အများဆုံး (၆) ရက် ခွင့်ပြုပေးရပါမယ်။

- တစ်ကြိမ်လျှင် တစ်ဆက်တည်း အများဆုံး (၃)ရက် သာ ယူခွင့်ရှိပြီး အကြောင်းထူးရှိလျှင် အလုပ်ရှင် သို့မဟုတ် ခွင့်ပေးပိုင်ခွင့်ရှိသူ အရာရှိ၏ ခွင့်ပြုချက်ဖြင့်သာ (၃) ရက်ထက်ပိုခံစားခွင့်ရှိပါတယ်။

- မည်သည့်ခွင့်ရက်နဲ့ မှပေါင်းစပ်ခံစားခွင့်မရှိပါဘူး။ ပေါင်းစပ်ယူပါက မူလ ရှောင်တခင်ခွင့် ပျက်ပြယ်ပြီး ပေါင်းစပ်ယူသည့် ခွင့်အမျိုးအစားအဖြင့် ပြန်လည် ပြင်ဆင်သတ်မှတ်နိုင်ပါတယ်။

- ရှောင်တခင် ခွင့်သည့် သက်ဆိုင်ရာနှစ်အတွင်းမယူပါက ပျက်ပြယ်ပါတယ်။

၂။ လုပ်သက်ခွင့်

- တစ်ဆက်တည်း(၁၂) လပြည့်အောင်လုပ်ခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ကို လုပ်ခဖြင့် တစ်နှစ်လျှင် လုပ်သက်ခွင့်(၁၀) ရက် ခွင့်ပြုရပါမယ်။

- ကြိုတင်လျှောက်ထားရပါမယ်၊

- ခွင့်ယူနေစဉ် မိမိအလုပ်အား တာဝန်ယူမည့်သူကို ဖော်ပြရပါမယ်။

-အလုပ်လုပ်ရက် (၂၀)ရက် ပြည့်အောင်မလုပ်ခဲ့သော လတိုင်းအတွက် လုပ်သက်ခွင့် (၁၀)ရက်မှ တစ်ရက်ကျစီ ဖြတ်တောက်ခံရပါမယ်။

- အလုပ်ရှင်နှင့် အလုပ်သမားသဘောတူညီလျှင် (၃) နှစ်အထိစုဆောင်းထားနိုင်ပါတယ်။

- အလုပ်ထွက်သည့် အချိန်၊ အလုပ်ထုတ်သည့်အချိန်တွင် လုပ်သက်ခွင့်လက်ကျန်တို့ကို ငွေကြေးဖြင့် တွက်ချက်ခံစားခွင့်ပြုရပါမယ်။ (ထုတ်/ထွက်/သေ)

၃။ ဆေးလက်မှတ်ခွင့်

- လုပ်ခဖြင့် တစ်နှစ်လျှင် လစာပြည့် ဆေးလက်မှတ်ခွင့်ရက် ရက်ပေါင်း (၃၀) ခွင့်ပြုရပါမယ်။

- အနည်းဆုံး (၆) လပြည့်အောင်လုပ်သက်ရှိရပါမယ်။ လုပ်သက် (၆) လ မပြည့်သေးလျှင် လစာမဲ့ ဆေးလက်မှတ်ခွင့် ရရှိနိုင်ပါတယ်။

- မှတ်ပုံတင်ဆရာဝန်၏ ဆေးလက်မှတ် တင်ပြရပါမယ်။

- လုပ်သက်ခွင့်နှင့် တစ်ဆက်တည်းခွင့်ပြုနိုင်ပါတယ်။

- သက်ဆိုင်ရာနှစ်အတွင်းမယူပါက ပျက်ပြယ်ပါတယ်။

၄။ မီးဖွားခွင့်

- ကိုယ်ဝန်ဆောင် အမျိုးသမီးများကို မီးမဖွားမီ ရက်သတ္တပတ်(၆)ပတ် နှင့် မီးဖွားပြီး ရက်သတ္တပတ်(၈)ပတ်ကို သက်ဆိုင်ရာ အခကြေးငွေ လစာငွေတို့ဖြင့် မီးဖွားခွင့်ရက်အဖြစ် ခွင့်ပြုပေးရပါတယ်။

- မီးဖွားခွင့်တင်ပြရာတွင် မှတ်ပုံတင်ဆရာဝန်၏ ဆေးလက်မှတ်ဖြင့် ဖြစ်စေ။ လူမှုဖူလုံရေးဆရာဝန်၏ ဆေးလက်မှတ်ဖြင့် ဖြစ်စေ ခွင့်ပြုနိုင်ပါတယ်။

- မီးဖွားခွင့်ရက်ဟာ ဆေးလက်မှတ်ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့်ရှိပါတယ်။